Wednesday, December 31, 2008

2009 !

နှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး..
မိမိ တိုင်းပြည်နှင့် လူမျိုးအကျိုး ဆထက်တပိုး ထမ်းရွက်နိုင်ပါစေ။
ကမ္ဘာမြေ ငြိမ်းချမ်းသာယာပါစေ...

" Happy New Year 2009!!!! "

Thursday, December 25, 2008

``မြန်မာနိုင်ငံ မြေယာနှင့်သက်ဆိုင်သော မူ ၀ါဒများ´´

နိဒါန်း
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတနိုင်ငံဖြစ်သည့် အားလျှော်စွာ စိုက်ပျိုးနေသော မြေယာများနှင့် ပတ်သက်သည့် ပြုပြင် ပြောင်းလဲရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးသက်ရောက် စေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် မြေယာနှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် (၁) ဥပဒေများကိုပြင်ဆင်ခြင်းနှင့် (၂) မြေယာ အသုံးပြုခြင်းအတွက် သင့်တင့်လျှောက်ပတ်သော `မှု´တစ်ခုချမှတ်ခြင်းဟူ၍ နှစ်ပိုင်းရှိပါသည်။ ဥပဒေများ ပြင်ဆင်ခြင်းဆို ရာတွင် (၁) တရားဝင် ထုတ်ပြန်ထားသော ဥပဒေများ(Offical Law)နှင့် (၂) ဓလေ့ထုံးတမ်းအစဉ်အလာများအရ သတ်မှတ်ထားသော ဥပဒေများ (Customary Law) ဟု နှစ်ပိုင်းပါဝင်ပါတည်။ `မှု´ ၀ါဒချမှတ်ခြင်း ဆိုသည်မှာ လက်တလောနိုင်ငံသားများကို ခွင့်ပြုထားသော (၁)မြေယာမြေရရှိပိုင်ခွင့်(Access Right)၊ (၂)အသုံးပြုပိုင်ခွင့်(User Right) နှင့် (၃) ခွင့်ပြုမထားသော မြေယာပိုင်ဆိုင်ခွင့်Ownership Right)စသည့်အချက်များအတွက် သင့်တော်သော၊ သတ်သတ်မှတ်မှတ်ရှိသော၊ ဒေသခံများနှင့် လိုက်လျှောညီထွေသော `မူ´၀ါဒကောင်းများ ချမှတ်နိုင်ခြင်းတို့ ဖြစ်ပါသည်။

နောက်ခံသမိုင်း

မြန်မာနိုင်ငံတွင် နိုင်ငံပိုင်နယ်နိမိတ်အတွင်းရှိ မြေယာနှင့်ပတ်သက်သော ရရှိပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်များကို ရှေးဘုရင်များ လက်ထက်ကတည်းက ရရှိခဲ့ကြပါသည်။ သို့သော် ပိုင်ဆိုင်ခွင့်ကိုမူ မရရှိခဲ့ပေ၊ မြန်မာဘုရင်များသည် မြေယာများကို အများအားဖြင့် မြို့စား၊ ရွာစားများကို စောင့်ကြပ်ကြည့်ရှု့ရန် အပိုင်စားပေးလေ့ရှိပြီး မြို့စား၊ရွာစားများက သတ်မှတ်ထားသော အခွန်၊အခများကို ပြန် လည်ထမ်းဆောင်ရသော စနစ်မျိုးဖြင့်စီမံခန့်ခွဲခဲ့ပါသည်။ တနည်းဆိုသော် အထက်မှတဆင့် အောက်သို့ အဆင့်ပြီးတဆင့်သွားသော `မှု´၀ါဒများဟု ဆိုနိုင်ပါသည်။ ၁၈၈၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည်ဗြိတိသျှတို့ လက်အောက်ကို ကျရောက်ခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိသျှတို့က မြေယာနှင့်သက်ဆိုင်သည့် ဥပဒေများကို တရားဝင် ထုတ်ပြန်ခဲ့ပြီး ကြေးတိုင်နှင့် မြေစရင်းရုံးများကို မြို့၊ရွာအနှံ့တွင် ဖွင့်လှစ်ကာ မြေယာပိုင်ဆိုင်ခွင့်များကို ခွင့်ပြုခဲ့ပါသည်။ မြေစရင်းအရာရှိများကိုလည်း ခန့်အပ် တာဝန်ပေးခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံသားများ မြေယာပိုင်ဆိုင်ခွင့်ကိုဗြိတိသျှတို့ လက်အောက်တွင်ကျရောက်ခဲ့စဉ်က ရရှိခဲ့သည်ဟု ဆိုနိုင်စရာရှိပါသည်။ သို့သော် မြေယာပိုင်ဆိုင်ကြသူများမှာ ဈေး ကွက်လက်ဝါးကြီးအုပ်နေသော လူနည်းစုသာရှိ၍ နိုင်ငံသားအများစုမှာ မြေယာပိုင်ဆိုင်ခြင်း မရှိသည်ကိုတွေ့ရပါသည်။
၁၉၄၇ခုနှစ်တွင်ရေးဆွဲခဲ့သော လွတ်လပ်ပြီးမြန်မာနိုင်ငံအတွက် ကျင့်သုံးမည့် ပါလီမန်ဒီမိုကရေစီစနစ် နှင့်အတူ သတ်မှတ်ပြဌာန်းခဲ့သည့်အခြေခံဥပေဒတွင် ဗြိတိသျှခေတ်က ဖြစ်ပေါ်ခဲ့သော မြေယာ လက်ဝါးကြီးအုပ်စိုးမှုများကို သင်ခန်းစာယူပြီး နိုင်ငံသား များ မြေယာပိုင်ဆိုင်ခွင့်ကို ရုပ်သိမ်းခဲ့ပါသည်။ နိုင်ငံတော် နယ်နိမိတ်အတွင်းရှိ မြေပေါ်၊မြေအောက် အားလုံးကို နိုင်ငံတော်ပိုင်သည်ဟု ရေးသားဖေါ်ပြခဲ့ပါသည်။ ရရှိပိုင်ခွင့်နှင့် သုံးစွဲပိုင်ခွင့်ကိုနိုင်ငံသားများကို ပေးအပ်ထားခဲ့ပါသည်။ ၁၉၆၂ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီ စနစ် ပြိုကွဲပြီးနောက်ပိုင်း ၁၉၄၆ခုနှစ်အထိ တာဝန်ယူခဲ့သော အိမ်စောင့်အစိုးရသည် မြေယာမြေနှင့်ပတ်သက်သော ဥပဒေကို ၁၉၄၇က ပြဌာန်းထားသည့်အတိုင်း ဆက်လက် ကျင့်သုံးခဲ့ပါသည်။ ၁၉၇၄ခုနှစ်တွင် အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (ဗဟိုကအုပ်ချူပ်သောတစ်ပါတီစနစ်) ကိုတည်ထောင်ကာ နိုင်ငံကို `တံခါးပိတ်´ စီးပွားရေးစနစ် ဖြင့် ကျင့်သုံးခဲ့ပါသည်။ ယင်းစနစ်တွင် နိုင်ငံသားများသည် မြေယာမြေပိုင်ဆိုင်ခွင့်မရရှိသည့် အပြင်ဘိုးဘွားပိုင်မြေယာများနှင့် စက်ရုံများကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူခဲ့ပါသည်။ (နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူခဲ့သည်ဟု ဆိုရာတွင် နိုင်ငံသားများသည် မြေယာပိုင်ဆိုင်ခွင့်၊ ရရှိပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့် အားလုံးကိုသိမ်းယူခဲ့သည်ဟု ဆိုလိုပါသည်။) ထို့နောက် `မှု´၀ါဒ ချမှတ်ထားခြင်း မရှိသော၊ မျှတမှုမရှိသောနည်းလမ်းများဖြင့် ပြည်သူများကိုရရှိပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်ကို ပြန်လည်အပ်နှင်းခဲ့ပါသည်။
၁၉၈၈ခုနှစ်တွင် ဆိုရှယ်လစ်စနစ်ချုပ်ငြိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအစိုးရက တာဝန်ယူခဲ့ပါသည်။ စိုက်ပျိုးရေးကို အခြေခံသော ဈေးကွက်စီးပွားရေးစနစ်ကို စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု အမည်ပြောင်းကာ ဆက်လက်အုပ်ချုပ်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရသည် ၁၉၉၃ခုနှစ်မှ စတင်ပြီး အမျိုးသားညီလာခံ ကိုကျင်းပကာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး ၂၀၀၈ခုနှစ်တွင် အတည်ပြုခဲ့ပါသည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လာမည့်၂၀၁၀ခုနှစ်တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ပါသည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း နိုင်ငံသားများမြေယာပိုင်ဆိုင်ခွင့်ကို ခွင့်ပြုထား သည်ကို မတွေ့ရပေ။

လက်ရှိအခြေအနေ

ယနေ့မြန်မာနိုင်ငံတွင် မြေယာနှင့်သက်ဆိုင်သော အကြောင်းအရာများတွင် နိုင်ငံသားများ မြေယာပိုင်ဆိုင်ခွင့်မရှိခြင်း နှင့်အတူ မြေယာရရှိပိုင်ခွင့်၊ မြေယာအသုံးချပိုင်ခွင့်များတွင် တရားဝင်ထုတ်ပြန်ထားသော ဥပဒေများ၊ နည်းဥပဒေများနှင့် အပြိုင် တရားမ၀င်ကျင့်သုံး နေသော ဒေသခံ ဓလေ့ထုံးတမ်းအစဉ်အလာများအရ ထုတ်ပြန်ထားသော စည်းမျဉ်းများသည် တစ်ခုနှင့်တစ်ခု တွန်းတိုက်နေသည်ကို တွေရ ပါသည်။ အများအားဖြင့် ဒေသခံ ဓလေ့ထုံးတမ်းများအရ ထုတ်ပြန်ခန့်ခွဲ နေသော စနစ်ကသာ ကျေးလက်ဒေသများ အပေါ်တွင် လွမ်းမိုးနေသည်ကများပါသည်။ တရားဝင်ထုတ်ပြန်ထားသော ဥပဒေများတွင် မြေယာမြေနှင့် ပတ်သက်သော အမှုအခင်းများသည် တရားဥပဒေ နည်းလမ်းများအရ တရားခွင်သို့ တင်ပြနိုင်ခြင်းမရှိသည်ကို တွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်နယ်နိမိတ်အတွင်းရှိ မြေအားလုံးသည် နိုင်ငံတော်ပိုင်ဖြစ်သည်ဟု ရေးဆွဲပြဌာန်းထားသောကြောင့် ဖြစ်ပါသည်။ သို့သော်မြန်မာ နိုင်ငံတွင် သစ်တောမြေ၊ စိုက်ပျိုးမြေနှင့် နိုင်ငံတော်ကစီမံပိုင်ခွင့်ရှိသော မြေလွှတ်မြေရိုင်းဟူ၍ မြေအမျိုးအစား (၃)မျိုးရှိပါသည်။ နိုင်ငံ သားများသည် မြေလွှတ်၊မြေရိုင်းများပေါ်တွင် `ဓားမဦးချမြေ´ဦးသူအသုံးပြုခွင့်ရှိသောမြေနေရာပေါ်တွင် အသုံးပြုနိုင်ပါသည်။ နိုင်ငံသား တစ်ဦးသည် အသုံးပြုခွင့်ရှိသော `ဓားမဦးချမြေ´ပေါ်တွင်(၅)နှစ်ဆက်တိုက်အသုံးပြုပါက တရားဝင်နည်းလမ်းများအရ ထိုနိုင်ငံသားကို ရရှိပိုင်ခွင့် `အမည်ပေါက်´ရရှိမည်ဖြစ်ပါသည်။ သို့သော်ထိုမြေများသည် ရရှိပိုင်ခွင့်သာရှိပြီး၊ ပိုင်ဆိုင်ခွင့်မရှိသည့်အတွက် ရောက်ချခြင်း၊ ပေါင်နှံခြင်းတို့ကိုခွင့်မပြုပေ။ အဆိုပါမြေများကို အသုံးပြုသူနိုင်ငံသားသည် တရားဝင်ဥပဒေများအတိုင်း အမည်ပေါက်ရရှိသော်လည်း လိုက်နာရသည့်စည်းမျဉ်းများသည် ဒေသဓလေ့ထုံးတမ်းအရ ထုတ်ပြန်ထားသည့် စည်းမျဉ်းများကိုလိုက်နာရသည်က များပါသည်။ အဘယ် ကြောင့်ဆိုသော် မြေယာအမှုအခင်းများတွင် ကျေးရွာရှိ မြေယာကော်မတီကသာ ဖြေရှင်းပေးလေ့ ရှိသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသားများ မြေယာမြေပိုင်ဆိုင်ခွင့်နှင့် ကောင်းမွန်သော `မှု´၀ါဒများချမှတ်နိုင်ရေးသည် လက်ရှိအခြေအနေတွင် စိတ်ကူးယဉ်ဆန်သော ပုံပြင်တစ်ပုဒ်သာဖြစ်နေပါသည်။ အဘယ်ကြောင့် ဆိုသော် လက်တွေ့တွင် ဖြေရှင်းရမည့် အကြောင်းအရာများ ကလည်းများပြားသည်ကို တွေ့ရပါသည်။ ထို့အပြင် အားပြိုင်နေသော တရားဝင်ဥပဒေများနှင့် ဒေသခံသုံးစည်းမျဉ်းများ မတူညီခြင်း၊ မြေယာမြေနှင့် သက်ဆိုင်သည့် အမှုအခင်းများကို မဖြေရှင်းနိုင်ခြင်းစသည့်တို့ကလည်း စနိုးစနောင့်အခြေအနေတွင် ရှိပါသည်။ တစ်ဖက်တွင်လည်း နိုင်ငံသားများမြေယာ ပိုင်ဆိုင်ခွင့်နှင့် ကောင်းမွန်သော `မှု´၀ါဒများချမှတ်ရေးသည်ကလည်း နိုင်ငံတိုးတက်ရေးအတွက် အကြောင်းအရင်းတစ်ခုအနေဖြင့် ရှိနေပါသည်။ မြေယာမြေများကို ပိုင်ဆိုင်ခွင့်ပေးမည် ဆိုပါကလည်း ဘိုးဘွားအစဉ်အဆက်က ပိုင်ဆိုင်ခဲ့ကြသော ဥပမာ။ ချင်းတောင်တန်းဒေသ ရှိမြေများကိုပါ ပေးမည်လား၊ စီးပွားရေးအရ လက်ဝါးကြီးအုပ်မည့် လုပ်ငန်းရှင်များကို မည်သို့ ထိန်းချုပ်မည်နည်း၊ ပြည်ပမှ ၀င်ရောက်လာ မည့် လုပ်ငန်းရှင်များကိုပါ ပိုင်ဆိုင်ခွင့်ပေးမည်လား၊ စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ သစ်တောမြေများထဲမှ နှစ်စဉ် တိုးချဲ့ နေသော စိုက်ပျိုးမြေများကြောင့် လျှော့နည်းလာပြီဖြစ်သည့် သစ်တောမြေများကို မည်သို့ ထိမ်းသိမ်းမည်နည်း၊ နိုင်ငံရေးအရ ပြောဆို တောင်းဆိုနေကြသော အတိုက်အခံအဖွဲ့အစည်းများ၏ နိုင်ငံသားများအတွက်ပိုင်ဆိုင်ခွင့်အခွင့်အရေးဆိုသည့်အကြောင်းအရားများကို မည်သို့မည်ပုံ ဖြေရှင်းမည်နည်း စသည့်အကြောင်းအရာများက စုံလှပါသည်။ မြေယာနှင့်ပတ်သက်၍ ပါဝင်လာမည့် နယ်ပယ်သည် ကျယ်ပြောလှပါသည်။ ထို့ကြောင့် မြေယာမြေနှင့်ပတ်သက်သည့်ပြုပြင်ပြောင်းလဲရေးသည် ခက်ခဲနက်နဲလှသည်ကို တွေ့ရပါသည်။



ဖြစ်နိုင်ဖွယ်ရာများကို စဉ်းစားခြင်း

(၁) မြေယာမြေဥပဒေများနှင့် ပတ်သက်၍ ပြင်ဆင်ရန်မှာ ခက်ခဲလှပါသည်။ အဘယ်ကြောင့် ဆိုသော် လက်တလော အတည်ပြုထားသည့် ၂၀၁၀ခုနှစ်တွင် စတင်ကျင့်သုံးမည့် အခြေခံဥပဒေတွင် နိုင်ငံတော်သည် မြေယာအားလုံးကို ပိုင်ဆိုင်နေသောကြောင့်ဖြစ်ပါသည်။ သို့သော် မြေယာမြေနှင့် ပတ်သက်သည့် အမှုအခင်းများတွင် နိုင်ငံတော်က ဒေသထုံးတမ်းအစဉ်အလာအရ ထုတ်ပြန်ထားသော စည်းမျဉ်းများကို အဆင့်မြင့်တင်ခြင်း၊ ဒေသခံများနှင့် ပူးပေါင်းပါဝင်ခြင်း ၊မျှတသောအဖြေများကို စဉ်းစားဆုံးဖြတ်ပေးခြင်းတို့ လုပ်ဆောင်နိုင်ပေလိမ့်မည်။ တရားဝင် ထုတ်ပြန်ထားသော ဥပဒေများနှင့် မိရိုးဖလာ စည်းမျဉ်းများပေါင်းစပ်ပြီး ဒေသနှင့် လိုက်လျောညီထွေဖြစ်မည့် `မှု´တစ်ခုချ မှတ်ရန်လိုအပ်နေပါသည်။

(၂) နိုင်ငံသားများအတွက် လက်ရှိအခြေအနေတွင် မြေယာပိုင်ဆိုင်ခွင့်မပြုနိုင်သေးဟု ဆိုစေကာမှု၊ ရရှိပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်ကို လွယ်ကူချောမွေ့စေရန် အကူအညီပေးရန် လိုအပ်လျက်ရှိပါသည်။ ဥပမာ၊၊ ရရှိပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်အတွက် ကုန်ကျရသော စရိတ်များကို နည်းပါးအောင် ပြုလုပ်ပေးခြင်း၊ အခွန်အခများကို လျော့ချပေးခြင်း၊ လုပ်ထုံးလုပ်နည်းများ ဒေသနှင့် ယဉ်ပါးအောင် ပြုလုပ်ပေးခြင်း နှင့် လက်ဝါးကြီးအုပ်မည့် စီးပွားရေးသမားများကို ကာကွယ်တားဆီးရန် နည်းဥပဒေများထုတ်ပြန်ပေးခြင်း လိုအပ်ပါက အသုံးပြုနေသော မြေယာမှတဆင့် အစိုးရဘဏ်များတွင် အပေါင်ထားခွင့်ရရှိစေရန်နှင့် ရင်းနှီးမတည်ငွေများ ထုပ်ချေးနိုင်ခွင့် ကို ခွင့်ပြုပေးခြင်းစသည့် နည်းလမ်းများဖြင့် ဖြေရှင်းပေးလျှင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် သို့သွားရာ လမ်းကြောင်းသည် ဖြောင့်ဖြူးနိုင်ပေလိမ့်မည် ဖြစ်ပါသည်။


နိဂုံး

အချူပ်အားဖြစ်ဆိုရလျှင် ယနေ့မြန်မာနိုင်ငံတွင် မြေယာမြေနှင့် ပတ်သက်နေသော အကြောင်းအရာများက များလှပါသည်။ ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများကလည်း စုံလှပါသည်။ တရားဝင်ဥပဒေနှင့် ဒေသမိရိုးဖလာ စည်းမျဉ်းများ၏ အားပြိုင်မှုများက လည်းအရေးကြီးလှပါသည်။ ထို့ကြောင့်မြေယာမြေနှင့် သက်ဆိုင်သည့်ပြုပြင်ပြောင်းလဲရေး `မှု´ ၀ါဒကောင်းများချမှတ်နိုင်ရေးသည် အပြောကျယ်သည့်ပင်လယ်ပြင်သို့ တစ်ကိုယ်တည်းရွက်လွှင့်နေသလို ဖြစ်နေပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ လက်တွေ့ဖြစ်နိုင်ခြေရှိ သည့် ဖြစ်နိုင်ဖွယ်ရာများကို စဉ်းစားခြင်း၊ လုပ်ဆောင်ခြင်းဖြင့်သာ နိုင်ငံသားများ၏ အကျိုးစီးပွားကိုကာကွယ်ကြပါစို့။